ကိုယ်ဝန်ဆောင်ချိန် သိုင်းရွိုက်ဟော်မုန်း လွန်ကဲတဲ့ရောဂါ ဖြစ်ခဲ့ရင်
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ သင်္ချိုင်းကုန်းကို တစ်နေ့သုံးကြိမ် မျက်စောင်းထိုးနေရတယ်လို့ ရှေးစကား ရှိပါတယ်။ ပုံမှန် ကိုယ်ဝန်ဆောင်တာကတောင် အသက်နဲ့ ရင်းထားရတာလို့ ဆိုလိုချင်တာပါ။ ပုံမှန်မဟုတ်ဘဲ ရောဂါတစ်ခုခု ရှိခဲ့ရင်တော့ ပိုပြီးတော့တောင် အန္တရာယ်ကြီးမှာပါ။
သိုင်းရွိုက်ဟော်မုန်းလွန်ကဲတဲ့ လက္ခဏာတချို့ ဖြစ်တဲ့ နှလုံးခုန်နှုန်းမြန်တာ၊ အပူဒဏ်ကို မခံနိုင်တာ၊ မောပန်းလွယ်တာတွေကို ပုံမှန်ကိုယ်ဝန်ဆောင်တွေမှာလည်း တွေ့ရတတ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းလွန်ကဲခြင်းရဲ့ တခြားလက္ခဏာတွေ ဖြစ်တဲ့…
- နှလုံးခုန်နှုန်းမြန်ပြီး နှလုံးစည်းချက် မမှန်တာ
- လက်တုန်တာ
- ကိုယ်အလေးချိန် ကျလာတာ သို့မဟုတ် ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန် တက်သင့်သလောက် မတက်တာတွေ ဖြစ်လာရင် သိုင်းရွိုက်ဟော်မုန်း စစ်ကြည့်သင့်ပါပြီ။
ကိုယ်ဝန်ဆောင်ချိန်မှာ ဘာကြောင့် သိုင်းရွိုက်ဟော်မုန်း လွန်ကဲနိုင်သလဲ?
များသောအားဖြင့် Grave's Disease လို့ခေါ်တဲ့ ကိုယ်ခံအားစနစ်ကို ပြန်လည်တိုက်ခိုက်တဲ့ ရောဂါတစ်မျိုးကြောင့် ဖြစ်ပြီး ကိုယ်ဝန်ဆောင် ၁၀၀၀ မှာ ၁ ယောက်ကနေ ၄ ယောက်နှုန်း ဖြစ်နိုင်ခြေ ရှိပါတယ်။ ကိုယ်ခံအားစနစ်က ထုတ်လုပ်လိုက်တဲ့ Thyroid Stimulating Immunoglobulin (TSI) လို့ခေါ်တဲ့ ပဋိပစ္စည်းတွေက သိုင်းရွိုက်ဟော်မုန်းတွေ လွန်ကဲစွာ ထုတ်လုပ်စေတာပါ။
ကိုယ်ဝန်ဆောင်ကာလရဲ့ ဒုတိယသုံးလနဲ့ တတိယသုံးလတွေမှာ TSI ထုတ်လုပ်မှု လျော့ကျလာတတ်လို့ ရောဂါလက္ခဏာတွေလည်း သက်သာလာလေ့ ရှိပါတယ်။
အဖြစ်နည်းပေမယ့် Grave's Disease ကြောင့် မဟုတ်ဘဲ လည်ပင်းကြီးရောဂါကြောင့်လည်း ကိုယ်ဝန်ဆောင်ချိန်မှာ သိုင်းရွိုက်ဟော်မုန်း လွန်ကဲနိုင်ပါတယ်။
မကုသဘဲ ထားမိရင်…
- ကိုယ်ဝန်ပျက်ကျတာ
- ပေါင်မပြည့် လမစေ့ကလေး မွေးတာ
- ကိုယ်ဝန်ဆိပ်တက်တာ
- Thyroid Storm လို့ခေါ်တဲ့ ရောဂါလက္ခဏာတွေ ရုတ်တရက် ပြင်းထန်ပြီး အသက်အန္တရာယ်ရှိတာ
- နှလုံးအမောဖောက်တာတွေ ဖြစ်နိုင်ပါတယ်။
မွေးကင်းစကလေးတွေမှာပါ သိုင်းရွိုက်ဟော်မုန်း လွန်ကဲနေရင်…
- နှလုံးခုန်မြန်ပြီး နှလုံးအမောဖောက်နိုင်တာ
- ကိုယ်အလေးချိန် မတက်တာ
- ငယ်ထိပ် စောစောပိတ်တာ
- ကြီးနေတဲ့ သိုင်းရွိုက်ဂလင်းက လေပြွန်ကို ဖိလို့ အသက်မရှူနိုင်တာနဲ့
- ကလေးက အီနေ၊ စိတ်အလိုမကျနေတာမျိုး တွေ့ရနိုင်ပါတယ်။
ဘယ်လို ကုသလဲ?
ရောဂါအခြေအနေပေါ် မူတည်ပြီး ခွဲစိတ်ကုသတာ၊ Propylthiouracil (ကိုယ်ဝန်ဆောင်ချိန်ရဲ့ ပထမသုံးလမှာ ပေးလေ့ရှိပါတယ်) နဲ့ Methimazole (ဒုတိယသုံးလကာလမှာ စပေးလေ့ရှိပါတယ်) ဆေးသောက်ခိုင်းတာတွေ လုပ်လို့ ရပါတယ်။
သိုင်းရွိုက်ဆန့်ကျင်ဆေးတွေဟာ ကလေးဆီကို ပမာဏ အနည်းငယ်သာ ရောက်နိုင်ပေမယ့်လည်း ဆေးတွေပေးတဲ့အခါ သန္ဓေသားမှာ သိုင်းရွိုက်ဟော်မုန်း ချို့တဲ့သွားတာမျိုး မဖြစ်ရအောင် အနည်းဆုံးနဲ့ အထိရောက်ဆုံး ဖြစ်မယ့် ပမာဏကိုသာ ပေးရပါမယ်။
ဆေးသောက်နေစဥ် ကာလမှာ သိုင်းရွိုက်ဟော်မုန်း ချို့တဲ့သွားတာ ဖြစ်မဖြစ်နဲ့ ဆေးကို တုံ့ပြန်မှု ရှိမရှိ သိရအောင် ထပ်မံစစ်ဆေးသင့်ပါတယ်။ များသောအားဖြင့် ကိုယ်ဝန်ဆောင်ချိန်ရဲ့ တတိယသုံးလမှာ TSI ထုတ်လုပ်မှု နည်းသွားလို့ ဆေးသောက်ဖို့ မလိုအပ်တတ်ပါဘူး။
ဗိုက်ကြီးတကားကားနဲ့ ၉ လလောက် ဒုက္ခခံနေရချိန်မှာ သိုင်းရွိုက်ဟော်မုန်း လွန်ကဲတာပါ ခံစားရရင် တကယ်ကို စိတ်ညစ်ရမှာပါ။ ကုသမှု မခံယူပြန်ရင်လည်း အမေရော ကလေးပါ ထိခိုက်နိုင်တာမို့ သိုင်းရွိုက်ဟော်မုန်း လွန်ကဲတဲ့ လက္ခဏာတွေ ခံစားရတယ်လို့ သံသယရှိရင် မပေါ့ဆဘဲ စစ်ဆေးကြည့်ကြပါနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်